ခုခေတ်မှာ မိန်းကလေးတော်တော်များ များဟာ ဆံပင်ကို ဖားလျားချတတ်ကြပါ တယ်။ တိုလို့ပဲဖြစ်စေ၊ ရှည်ပြီး ဖြောင့်စင်း နေလို့ပဲဖြစ်စေ၊ မစည်းအားလို့ပဲ ဖြစ်စေ၊ အလှပြချင်လို့ပဲဖြစ်စေ ဆံပင်ကို ဖားလျား ချထားတတ်ကြပါတယ်။ ရှေးလူကြီးတွေ ပြောဖူးမှာပါ။
ညနေ မှောင်ရီပျိုးရင် ဆံပင်ကို ဖားလျားမချနဲ့ ဆိုပြီး ခဏခဏ သတိပေးတတ်ကြပါတယ်။ ဒါပေမယ့် ဒီစကားကို မလိုက်နာကြတာက ခပ်များများပါ။ ဒီအကြောင်းအရာလေးနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့ရတာလေးကို ရေးသားချင် ပါတယ်။
ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ခြင်း မဟုတ်ပေမယ့် ကျွန်တော့်မေမေကိုယ်တိုင် ကြုံခဲ့ရတာကို ပြန်လည်ရေးသားခြင်း ဖြစ် ပါတယ်။ အဲ့နေ့က ကိုရန်နိုင်ရဲ့မင်္ဂလာပွဲလုပ်ဖို့ တစ်ရက်အလိုမှာပေါ့။ ကိုရန်နိုင်ဆိုတာ ကျွန်တော့်ရဲ့ ၂ ဝမ်းကွဲသော အစ်ကိုပေါ့။
သတို့သမီးရဲ့ရွာမှာ လုပ်မှာဆိုတော့ အဲ့ဒီကို ဆွေလိုက်မျိုးလိုက် သွားကြရတာ ပေါ့။ ကျွန်တော်ကတော့ ကျောင်းစာတွေ နဲ့မို့ လိုက်မသွားဖြစ်ပါဘူး။ မေမေကတော့ အိမ်ကို လာခေါ်တဲ့ light truck နဲ့ ပါသွားပါ တယ်။ ကားထဲမှာတော့ သတို့သားရဲ့အစ်မ တွေရယ်၊ သူတို့ကလေးတွေရယ်၊ ကျွန်တော့် မေမေရယ်၊ ကျွန်တော့်ညီလေးရယ် ပါသွား တာပေါ့ဗျာ။
သွားကြတာကလည်း မနက်ခင်းကြီးပါ။ မနက် ၃ နာရီဆိုတာ မှောင်ရိပ်တောင် မပြယ် သေးတဲ့ အချိန်ပါ။ ရွာဓလေ့တွေအရ မင်္ဂလာပွဲပဲဖြစ်ဖြစ်၊ အလှူပွဲပဲဖြစ်ဖြစ် အမြဲတမ်း စောစောစီးစီး ကျင်းပပြီး စောစောစီးစီး ပြီးသွားလေ့ ရှိတာ မို့ ခုလိုအစောကြီး ထွက်ရခြင်းဖြစ်ပါတယ်။
ကား စထွက်ကတည်းက တရားခွေကို ဖွင့်လာခဲ့တာမို့ ဘာမှတော့ ထူးထူးခြားခြား မဖြစ်သေးပါဘူး။ အဲ…ကျောက်တံတားရွာ ကို ကျော်လာတဲ့အချိန်မှာ တရားခွေက ပြီး သွားပါတယ်။ ဒီတော့ ပိတ်လိုက်တာပေါ့။ အဲ့အချိန်ထိ ဘာပြဿနာမှ မရှိသေးပါဘူး။
ဒါပေမယ့် ရွာသင်္ချိုင်းတစ်ခုကို ကျော်လာ တော့ ပြဿနာက စတော့တာပါပဲ။ ရွာတွေ မှာ သင်္ချိုင်းဆိုတာက ကွင်းပြင်ကျယ်မှာ အုတ်ဂူလေးတွေ ဆောက်လုပ်ထားတာပါ။ သူတို့ရဲ့သင်္ချိုင်းမြေဆိုတာ ခပ်ကျဉ်းကျဉ်းပါ ပဲ။ ခြောက်သွေ့အိုမင်းနေတဲ့ အပင်တချို့နဲ့ အုတ်ဂူဖွေးဖွေးလေးတွေ၊ ဝါကျင့်ကျင့်လေး တွေ ၈ ခု၊ ၉ ခုလောက်ကို မြင်လိုက်ရရင်ပဲ ဒါဟာ ရွာသင်္ချိုင်းဆိုတာကို တန်းသိနိုင်ပါ တယ်။
ဆက်ပြောမယ်နော်။ အဲ့ရွာသင်္ချိုင်းကို ဖြတ်လာပြီဆိုရင်ပဲ ကားထဲက ၄ နှစ်အရွယ် ကလေးမက ရုတ်တရက်ကြီး စူးစူးဝါးဝါး ထငိုပါတော့တယ်။ ၂ နှစ်အရွယ် ကျွန်တော့် ညီလေးကတော့ ဘာမှကို မဖြစ်တာပါ။ အစ ကတော့ ဒီအတိုင်း ကလေးက ဂျစ်တိုက်နေ တယ်လို့ပဲ ထင်ထားကြတာပါ။
ဒါပေမယ့် ကားရဲ့ နောက်ဆုံးနားမှာ ထိုင်လိုက်လာတဲ့ သတို့သားရဲ့အစ်မ ၂ ယောက်ကတော့ အတော်ကို လန့်ဖြန့်သွားကြပါတယ်။ ၂ ယောက်လုံးက ဆံပင်ကို ဖားလျားချ လာကြတာပါ။ သူတို့စိတ်ထဲ “ညမှ မဟုတ် တော့တာ” ဆိုတဲ့အတွေးနဲ့ ချလာခဲ့တယ်နဲ့ တူပါရဲ့။ အကြီးဖြစ်သူက ပြောတယ်။
“ဟဲ့…ဟိုအုတ်ဂူပေါ်က ဖြူဖြူကြီးက ကားနောက်ကို လိုက်လာတယ်” သူ့စကားကြောင့် ကားတစ်စီးလုံး ကျောချမ်းပြီး ဘုရားတ ကုန်ကြပါတယ်။ “မမ..ငါလည်း မြင်လိုက်တယ်” အငယ်ဖြစ်သူရဲ့ ထောက်ခံစကား တစ်ခွန်းက ကြက်သီးထဖွယ်ရာ။ ကားကြီးက လည်း နဂိုကထက် ပိုလေးလာသလို ခံစား လိုက်ရပါတော့တယ်။
“ဟဲ့..တစ်ခုခုလုပ်ကြဦး” ဒီအချိန်မှာ အားလုံးက ပူထူပြီး ဘာလုပ် ရမယ် ဆိုတာကိုလည်း မသိကြတော့။ အားလုံးက ကြောက်ကြောက်နဲ့ ရသမျှ ဘုရားစာတွေကို အထစ်ထစ်အငေါ့ငေါ့နဲ့ ရွတ်ကြပါတော့တယ်။ ကလေးမလေးရဲ့ အော်ငိုသံကတော့ သွေးပျက်စရာ အကောင်း ဆုံးပင်။
ချော့လို့လည်း မရ။အာရုံလွှဲလို့ လည်း မတိတ်။ ကားနောက်ပိုင်းကိုသာ ကြည့်နေပြီး စူးစူးဝါးဝါး အော်နေတော့သည်။ “ဟဲ့!…နင်တို့ဆံပင်တွေကို စည်းထားကြ စမ်း” ကားထဲမှာ အသက်အကြီးဆုံးဖြစ်သည့် အစ်မကြီးက အော်လိုက်တော့မှ ဟိုအစ်မ ၂ ယောက်လည်း သူတို့ဆံပင်တွေကို ကမန်း ကတမ်း စည်းလိုက်ကြတော့သည်။
နှုတ်က လည်း ဘုရားစာတွေကို တတွတ်တွတ် ရွတ် နေရင်းပေါ့။ သိပ်မကြာလိုက်။ ကားက ရုတ်တရက် ပေါ့သလို ဖြစ်သွားပြီး ကလေးလည်း အငို တိတ်သွားသည်။ ဒီတစ်ခါတော့ ကလေးတင် မဟုတ်ပါ။ ကားထဲက လူတွေအကုန်လုံး မြင်လိုက်ရတာပါ။ အဖြူရောင်လိုလို အငွေ့ လိုလို ဟာကြီးက လမ်းပေါ်မှာ တဖြည်းဖြည်း နဲ့ အရောင်မှိန်သွားလေရဲ့။
“ဟူး….ဆင်းသွားပြီ ထင်တယ်…ဒါ သူ့နယ်မြေ မဟုတ်တော့လို့ ထင်တယ်” အသက်အကြီးဆုံးဖြစ်တဲ့ အစ်မကြီးက ထိုသို့ပြောလိုက်မှ အားလုံး သက်မ ချနိုင် တော့သည်။ စိတ်အေးသွားပြီဆိုတော့မှ တရားတော်ကို ပြန်ဖွင့်ဖို့ သတိရကြတော့ သည်။ ထိုနေ့လေးမှာ ကြုံခဲ့တဲ့အဖြစ်အပျက် လေးကိုတော့ ခုချိန်ထိ ပြောဖြစ်နေတုန်းပါပဲ။